ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Wednesday, May 20, 2009

Anatomy of B-Brothers

တရံရောအခါ

ရွှေမန်းဌာနီ အမ်အိုင်တီတွင်

သူတော်အပေါင်း လူပျော်ကောင်းတို့

ရေစက်တခါ ရှိခဲ့ပါ၍

ဆုံကာတွေ့ဖူး မိတ်ဆွေထူးရာမှ

ညီအကိုပမာ ချစ်ခင်စွာနေခဲ့ကြဖူးလေ၏။

ထို ညီအကိုတသိုက်ကား

ဘီဘရာသားဟု အမည်ခေါ်တွင်လေသတည်း။


ထိုသူတို့ကား ..

ဘီဘရာသားက ပလီတရား တအားပွားတဲ့

ချစ်ဦးဆို တဲ့ ပြူကန် သား

ဟာသတွေလည်း တအားပွားတတ်သူက တယောက်။

ဆုံးမပြောဆို စကားထိုထို

မကြာခဏ ဆိုကာပြတတ်တဲ့

သဲသဲမဲမဲ ကိုကိုကျွဲဆိုသူက တယောက်။

ပြင်စည်၊ညောင်ရမ်း ခေါင်တန်းမှာ

ဆေးလိပ်တငူငူ အတူတူ သောက်ခဲ့ဖူးတဲ့

မြှောက်ပေးရင် ဂေါက်ပြေးတတ်တဲ့ ဘောက်ကလေး ဆိုသူက တယောက်။

ဆရာယောင်ယောင် သမားယောင်ယောင် နဲ့

အဟောက်အဟမ်း အဖောက်အရွှမ်းတွေနဲ့

ကတောက်ကတမ်း နေတတ်တဲ့

ကိုဝက်ဆိုသူက တယောက်။


တုံဏှိဘာဝေ ဘာမထေ တဲ့ ပုံစံနဲ့

အမြဲစဉ်းစား အလေးထားတတ်တဲ့

ပြူကန်နယ်သား မင်းမြင့်သိန်း ဆိုသူက တယောက်။


ပါးကွက်ကြီးနှစ်ဖက်နဲ့ တသက် ပုတီးခက်တော့မယ်

လျှောက်လျှောက်တီးတတ်တဲ့ ကိုဘောက်ကြီး ရော ပါရဲ့ထင့်။

ပြောပါညားလည်း ပြောသမျှလွဲ

နေရာတိုင်းကို သူပါချင်သည်။

သို့ပေမဲ့လည်း လုပ်တိုင်းလွဲတော့

ကိုချီးလို့ နာမည်တွင်ခဲ့တဲ့ ဇော်ဇော်ဆိုသူက တယောက်။

ပိန်ညောင်အရိုး ငါးဖေါင်ရိုးလို

ရှည်ရှည်ပိန်ပိန်ရှိနေလင့်ကစား

ဥာဏ်ရည်စားတဲ့ ကို ရွှေဘိုသား မောင်မောင်သန့်ဆိုလားက တယောက်။


ထိုမှတခါ

ပညာရည်နို့ သောက်စို့ကြရင်း

အမ်တီယူမြေမှ

လောကဓမ္မတာ

ခွဲကြခဲ့ရာဝယ်......။


ခုတော့….

ဘီဘရားသားများ တပြည်ခြားနေကြလေပြီ။


အရင်တုန်းကလို

လက်ပံပွင့်နီနီရဲရဲတွေကို မမြင်ဖူးတာ ကြာပြီ။

အမ်အိုင်တီ မရောက်ဖူးတာလည်း ကြာပြီ။

စွယ်တော်ရှိုက်သံကို မကြားရတာ ကြာပြီ။

ဘီဘရာသား တွေရဲ့ မွေးနေ့ မဆုံရတာလည်း ကြာပြီ

သြော်..သို့ပေမင့်ကား…

အခွင့်ချိန်ခါ တနေ့သာသော်

ဆုံချင်ပါသေး ရေမြောင်းဘေးက

ကိုအောင်ရှမ်းခေါက်ဆွဲ ဆိုင်ကလေးမှာ

ဟိုငယ်စဉ်တုန်းကလို

ရှမ်းခေါက်ဆွဲလည်း အလောင်းစားချင်သေးတယ်။


အမေပေးလိုက်တဲ့ စတီးအိုးလည်း

အပြီးအဖိုးမဖြတ်ပဲ

ဇွတ် ဒမြတိုက်လို့

အလျှောခံလိုက်ချင်သေးတယ်။


ပြင်စည်၊ ညောင်ရမ်း ခေါင်တန်းမှာလည်း ဆေးလိပ်အတူသောက်ချင်သေးတယ်။


အမ်တီယူ ရဲ့ လပြည့်ဝန်းကို ရေတံခွန်တောင် နောက်ခံထားပြီးလည်း ကြည့်ချင်သေးတယ်…။


ဘီဘရားသားတွေ စုပြီး စကားပြောချင်သေးတယ်..။


…………သေးတယ်……။ ….သေးတယ်…။ သေးတယ်…။….


သြော် ..ဒါပေမယ့်………………။

No comments:

Post a Comment

BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။

ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။

ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။

ကျေးဇူးတင်လေးစားစွာဖြင့်

BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)