နေရာ။ ။မန္တလေးနည်းပညာ တက္ကသိုလ်၊ ပြင်စည်ဆောင်။
အချိန်။ ။ ၂၀၀၃ ခုနှစ်ရဲ့ တခုသော နံနက်စောစော။
အဲဒီနေ့က မှတ်မှတ်ရရပါပဲ။ ကျူပ်တောင် မနိုးသေးဘူး။
နံနက်အစောကြီးမှာ တံခါးခေါက်သံတချို့ ကြားလိုက်ရတယ်။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း ကျူပ်တံခါးဆီကို သွားရင်း တွေးနေမိတယ်။ ငါ့ကို နံနက်စောစော ဘယ်သူမှ တံခါးလာမခေါက်တတ်ပါဘူးလို့။ တံခါးဆီကိုရောက်တော့ ဖွင့်ပြီး corridor တလျှောက် တံခါးခေါက်သူတွေကို ရှာမိတယ်။
“ဟင်…………..။ ဘယ်သူမှ မရှိပါလား…။ မနက်အစောကြီး ငါ့ကို သရဲများခြောက်နေပြီလား။ အင်း……ဘာမှ မဟုတ်လောက်ပါဘူး”
လို့ တွေးရင်း ပြန်ဝင်အိပ်ဖို့ တံခါးပိတ်မယ်လို့ ကြံနေတုန်း။
Corridor ထိပ်က ဘုရားခန်းထောင့်မှာ ကွယ်ပုန်းနေရာက ထွက်လာတဲ့ သူတချို့ ကိုတွေ့လိုက်ရတယ်။ လူတွေကလည်း ပြုံးရယ်ပြီး နည်းနည်း အားနာနေပုံလည်း ပေါက်နေကြတယ်။
အင်း ပြောဖို့ မေ့နေလို့ဗျ။ ပြင်စည်ဆောင်မှာ ကျူပ် နေတဲ့ အခန်းက သုံးထပ်မှာ။ သုံးထပ်ကို အလယ်မှာ ဘုရားခန်း ထားပြီး အရှေ့ ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်း ခွဲထားတယ်။ ကျူပ် အခန်းက အနောက်ဘက်ခြမ်းမှာမှ ဘုရားခန်း နဲ့ ကပ်လျက် အခန်းပဲ။ အခန်းနံပါတ်က ၉၉။
အဲလို မနက်အစောကြီးအားမနာပဲ အခန်းတံခါးကို လာခေါက်ပြီးမှ အားနာချင်ယောင်ဆာင်သူတွေက တော့ ဘောက်ကလေး၊ဘောက်ကြီး၊ အမ်အမ်တီ နဲ့ ပစ်တိုင်းထောင်တို့ပါပဲ။ ရည်ရွက်ချက်ကတော့ လစာ ထုတ်ချင်လို့ပါ။
အဲဒီတုန်းက အတန်းကြီးတွေက အတန်းငယ်တွေကို လစာ ထုတ်ပေးရတယ်ဗျ။ မနေ့ညက လစာ ရရချင်း သူတို့ကို သွားရှာတော့ အခန်းထဲမှာ မရှိကြဘူး။ ကျူပ်ကလည်း ကိုယ်ချင်းစာတော့ လစာ ကို ရရချင်း သူတို့ ကို ထုတ်ပေးချင်ပါတယ်။ အဲဒီတုန်းက လကုန်ရယ်ဆို ကျောင်းသားတွေမှာ ရေက ပြတ်နေတတ်တယ်လေ။ သူတို့ကို အခန်းထဲမှာ မတွေ့တော့ ကျူပ်လည်း ကိုယ့်အခန်းကို ပြန်တက်ပြီး အိပ်လိုက်တော့တယ်။ နောက်နေ့မှ သူတို့ဆီ သွားပေးမယ်ပေါ့။
ဒါပေမယ့် မနက်အစောကြီးမှာ ကိုယ်တော်ချောတွေ ခုလို အားမနာပဲ လာနိုးတော့တာပဲ။ ကိုယ်ချင်းစာပါတယ်။ အဲဒီတုန်းက အဆောင်က ကျွေးတဲ့ မနက်စာ ဆန်ကြမ်း ထမင်းကြော်ကို နေ့တိုင်းစားရလွန်းလို့ မုန်းနေတဲ့ ကျောင်းသားတွေဟာ လစာထုတ်ရက်တွေမှာ မနက်စာ ကို ဒေါ်ဂွက်၊ ကျော်သူဆွေ၊ ကိုသြ ဒါမှမဟုတ် လမ်းထိပ်က လဖက်ရည်ဆိုင်မှာ မြိုးမြိုးမြက်မြက်လေး ဆွဲလိုက်ချင်ကြတာလေ။
ဒီလို နဲ့ လစာထုတ်ပေးရင်း သူတို့ အဖွဲ့ နဲ့ ကျူပ်လည်း ရင်းရင်းနှီးနှီး ဖြစ်သွားခဲ့တယ်။
စတတ် နောက်တတ်လွန်းတဲ့ ပစ်တိုင်းထောင်က တော့ အမြဲတမ်း စလိုက် နောက်လိုက် နဲ့ ဟာသတွေ နှောနေတတ်တယ်။
ကဗျာဆရာလိုလို၊ အလွမ်းသမားလိုလို၊ ဘာလိုလို ညာလိုလို က ဘောက်ကလေး။
မှုံတေတေ နဲ့ မအုံတအုံ နေတတ်တာက အမ်အမ်တီ။
ရုပ်တည်နဲ့ အရွှမ်းဖောက်တတ်ပြီး မြောက်ကြွမြောက်ကြွ နဲ့ က ဘောက်ကြီး။
နောက်တော့ ရုပ်တည် နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ။
စကားလုံးထွားထွားတွေနဲ့ ဂေါက်ကြောင်ကြောင် နေတတ်တဲ့ မောင်သန့် တို့လည်း ကျူပ်တို့ အဖွဲ့မှာ တိုးလာတယ်။
သတိရမိဆုံး၊ အလွမ်းရဆုံးကတော့ အမ်တီယူရဲ့ ဆောင်းညတွေပါ။
ဆောင်းညတွေဆို အဆောင်ခေါင်မိုးပေါ် တက်ပြီး လန်ဒန် စီးကရက်ကို တမြိုက်မြိုက် တစိမ့်စိမ့် သောက်ရင်း အမ်တီယူကို နောက်ခံအလှဆင်ထားတဲ့ မြခနောက်၊စိန်ခနောက် နဲ့ ရေတံခွန်တောင်တွေကို ကြည့်နေရတဲ့ အရသာဟာ တကယ် ဘာနဲ့မှကို မလဲနိုင်ဘူးဗျာ။
ရန်ကင်းတောင်၊ ကျိုက်ထီးရိုးတောင် နဲ့ ရေတံခွန်တောင် ကြောတွေမှာ ဆောင်းအကုန်၊ နွေအကူး တောမီးတွေ လှောင်နေတဲ့ သဘာဝရှုခင်းဟာ တကယ် ကို ရှုမငြီးပါပဲ။ တောမီးဟာ တောင်ခါးပန်း တလျှောက် မြက်ပင်ခြောက်ရှိရာကို ဦးတည် လှောင်နေတော့ မီးလှောင်နေတဲ့ ပုံစံတွေဟာ တတောင်နဲ့ တတောင် မတူကြဘူး။ တခါတလေ စက်ဝိုင်းပုံ။ အသည်းနှလုံးပုံက အစ။ ဂ ငယ် ပုံတွေ။ အစုံပါပဲ။
မန္တလေးတောင်ပေါ်က လျှပ်စစ်မီးတွေ၊ မန္တလေး ရဲ့ လမ်းတွေက လျှပ်စစ်မီးတွေ။ ဟိုး…စစ်ကိုင်းတောင်ကြောက လျှပ်စစ်မီးတွေ ကိုလည်း အဆောင်ခေါင်မိုးပေါ်ကနေ မြင်နေရတယ်။ဆောင်းရဲ့ နှင်းမှုံတွေနဲ့ အတူ လှပတဲ့ ပန်းချီကားတချပ်ကို ရေးဆွဲနေရသလိုပဲ။ တောမီးတွေ၊ လျှပ်စစ်မီးတွေဟာ ကောင်းကင်နောက်ခံမှာ ပန်းချီဆရာတယောက် ဆွဲထားတဲ့ လက်ရာမြောက် ကောက်ကြောင်းတွေလို ကောင်းကင်မှာ လိုင်းတွေ အလိုလို ရေးခြစ်နေကြတယ်။
ဆောင်းတွင်းရဲ့ အအေးဓါတ်ကလည်း ကိုယ်ထဲကို စိမ့်ဝင်။
နှင်းတွေက မှုံမှုံလေးပဲ မီးအလှတွေ နဲ့ သဟဇာတ သင့်လို့။
ဆေးလိပ်ကို ရှုရှိုက်ရတဲ့ အရသာက လည်း ဘာနဲ့မှ မလဲနိုင်။
သူငယ်ချင်းတွေနဲ့ လည်း ငယ်စဉ်ကအကြောင်း၊ ဘ၀အကြောင်း၊ လိုက်နေတဲ့ ကောင်မလေးတွေအကြောင်း၊ ရည်စားဟောင်းတွေ အကြောင်း။ စုံလို့ပဲ။ ဘ၀ ရသ၊ ဒဿန နဲ့ တခါတလေ ဘာမှ မဟုတ်တဲ့ အကြောင်းတွေ လည်း ပါတယ်။ တယောက်နဲ့ တယောက်စကြ၊ နောက်ကြ။ စကားနာလည်း ထိုးကြသေးတယ်။
အဲဒီ အခိုက်အတန့် လေးဟာ အေးချမ်းတဲ့ နေရာလေး တခုမှာ သူငယ်ချင်းတွေ စုဆုံမိနေသလိုလေး ခံစားရတယ်။ ဘ၀ အမောတွေလည်း ပျောက်သွားရသလို ခံစားမိတယ်။ တကယ် အဲဒီ တခဏလေး ကို ကုန်ဆုံးမသွားစေချင်ဘူး။
ညဉ့်နက်လေ အအေးဓါတ်က ပိုစိမ့်လေ။ လန်ဒန်တစ်ဘူးကလည်း တစ်လိပ်နှစ်လိပ်ပဲ ကျန်တော့ တဲ့ အချိန်ရောက်ရင် အသားကုန် နှမြောနေပြီ။ အခန်းကိုတောင် ပြန်မအိပ်ချင်တော့ဘူး။ စကားကလည်း အဲလို အချိန်ဆို အမှန်တကယ် အရှိန်ပိုကောင်းနေပြီ။ ဒါပေမယ့် အအေးဓါတ်က လွန်ကဲ လာတဲ့ အချိန်၊ ဆေးလိပ်လည်း ကုန်သွားရင် နှမြောမြော နဲ့ပဲ အခန်းကို ပြန်အိပ်ကြရတယ်။ တခါတလေကျတော့လည်း အခန်း တခန်းခန်းမှာ စုပြီး စကားဆက်ပြောဖြစ်ကြတယ်။
တကယ်ဗျာ…………………..။
အမ်တီယူ က အဲလို ညတွေကို ပြန်လိုချင်ပါသေးတယ်….။
သူငယ်ချင်း အရင်းအခြာလို၊ ညီအစ်ကို လို ခင်မင်ရတဲ့………..BBrothers တွေ နဲ့ ပြန်တွေ့ချင်သေးတယ်ဗျာ……..။
တနေ့နေ့ပေါ့………….။ ဘ၀က စောစီးစွာ တယောက်ယောက်ကို မယူငင်သွားခင် BBrothers အားလုံး ပြန်ဆုံခွင့်ရကြဦးမယ်ဆိုရင်။ အမ်တီယူ ညတွေလို ညမျိုးတွေ ပြန်ခံစားခွင့် ရှိဦးမယ် ဆိုရင်……………………..။ ဘာပဲပြောပြော တယောက်မှ မကျန်ပဲ တဖွဲ့လုံး ပြန်ဆုံချင်သေးတယ်ဗျာ…………..။

2 comments:
တကယ်ပဲဗျာ လွမ်းမိပါတယ် အတိတ်ရဲ့ ခြေရာလေးတွေ ထင်ဟပ်နေတဲ့ အမိတက္ကသိုလ်ကျောင်းတော်ကြီးနဲ့ အတူ BBrothers တွေကိုပေါ့ မှတ်မိတယ်ဗျာ ၂၀၀၃ ရဲ့ တနေ့ပေါ့ ဟား ဟား ဘောက်ညီနောင်နဲ့ အမ်အမ်တီတို့ လစာထုတ်ဖို့ ဂါဒီယန်ရဲ့ အခန်းတံခါးကို သုံးချက်လောက် ခေါက်ကြတာ သိပ်မကြာပါဘူး အခန်းထဲက ရုပ်ဆိုးဆိုးလူကြီး ထွက်လာပါရောလားဗျာ(အမလေး သရဲလို့တောင် အော်မိလား မသိဘူး)
အစကတော့ ပုန်းဖို့ ရည်ရွယ်ချက်ရှိပါဘူး သူ့ရုပ်ကြီးမြင်ပြီး လန့်သွားလို့ အနော်တို့ ၃ ယောက် မတိုင်ပင်ပဲ ပြိုင်တူပုန်းလိုက်ကြတာ (အဲဒါကို ကျွန်တော်တို့ရဲ့ ဂါဒီယန်ကတော့ သိမှာ မဟုတ်ဘူးဗျ ဟဲ ဟဲ)
ပြောလို့ ပြောတာတော့ မဟုတ်ပါဘူး ကျွန်တော်တို့ အကိုကြီးက ရုပ်သာဆိုးတာ စိတ်ကလဲ မနှံ့ဘူး အဲ ... ဟုတ်ပါဘူး သဘောတော့ ကောင်းပါတယ်လို့ အဲလိုနဲ့ ခင်လာခဲ့တာ ညီအကို အရင်းတွေအတိုင်းပဲ
ညညဆိုရင် အဆောင်ခေါင်းမိုးပေါ်တက်ပြီး ပတ်ဝန်းကျင်ရဲ့ အလှကို ခံစားရတာလဲ အမောဗျ၊ အဲဒီတုန်းက ကဗျာတွေရေးချင်လိုက်တာဗျာ ဒါပေမယ့် ဘယ်လိုရေးရမှန်း မသိတာနဲ့ ခံစားချက်တွေကို ရင်ထဲမှာပဲ သိမ်းထားခဲ့တော့တယ် အမှတ်တရတွေနဲ့ အတူပေါ့၊ အင်း ရေးနေရင်းနဲ့
ဘာကိုမှန်းတော့ မသိဘူး လွမ်းမိသလိုပဲ အကိုရေ ကျွန်တော်တို့ ညီအကိုတွေ ပြန်ဆုံချင်သေးတယ်ဗျာ အတိတ်က ကျောင်းတော်ကြီးမှာ ပေါခဲ့သလိုပေါ့ ဟာ လက်နဲ့တော့မှားရေးမိပြန်ပါပြီ ပျော်ခဲ့သလိုပေါ့ ဟဲ ဟဲ
ဲ
ဘောက်ကလေး
မှတ်လောက်ပါပေတယ်ဗျာ...။
ကိုယ့်ဘာသာ ကြောက်လို့ ပုန်းရင် ပုန်းတယ်ပေါ့...။ အခုမှ ရှက်မနေနဲ့ ဗျို့...။
ဘာကိုမှန်း မသိတာ ကို လွမ်းတာ မဟုတ်ဘူးလေ............။
ခင်ဗျားပေါချင်တာတွေ ပေါခွင့်ပေးတဲ့ Bbrothers တွေကို လွမ်းနေတာ နေမှာပေါ့........။ ရုပ်တည်ကြီးနဲ့ အပေါဆုံးက သားကြီးပြီးရင် ခင်ဗျားပဲလေ။ မေ့ချင်ယောင်ဆောင် မနေနဲ့။
တကယ် ဆုံဖြစ်ကြရင် တော်တော် ပျော်ကြမှာနော်...။
တနေ့နေ့တော့ ဆုံကြရမှာပါဗျာ.........။
Cheers !! Cheers !! BBrothers !
Post a Comment
BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။
ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။
ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။
ကျေးဇူးတင်လေးစားစွာဖြင့်
BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)